ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာသည့် အခြေအနေ အတွက် အရေးပေါ်အစီအစဉ်များကို ပြုလုပ်နေသည်ဟု ဖိလစ်ပိုင်ထိပ်သီးစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုအစီအစဉ်တွင် တောင်တရုတ်ပင်လယ်အတွင်း စိတ်မှန်းဖြစ်နိုင်ခြေတစ်ရပ်အနေနှင့် တရုတ်တပ်ဖွဲ့များက ဖိလစ်ပိုင်သင်္ဘောများအပေါ်တက်ရန် ကြိုးပမ်းမှုကို ဖိလစ်ပိုင်သင်္ဘောအမှုထမ်းများက တွန်းလှန်သည့် လေ့ကျင့်မှုများလည်း ပါဝင်ခဲ့သည်။
တောင်တရုတ်ပင်လယ်၏ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရေပြင်များတွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ ထိပ်တိုက်တွေ့ခြင်းနှင့် သင်္ဘောချင်းတိုက်မိမှုများ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေသည် ယခုနှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့သည်။
ထိုကဲ့သို့ ရန်လိုပြီး အန္တရာယ်များသည့် ဖြစ်စဉ်များအတွက် ဖိလစ်ပိုင်က တရုတ်ကို စွပ်စွဲပြစ်တင်ခဲ့သည်။
ဖိလစ်ပိုင်သည် ယခုနှစ်အတွင်း တရုတ်နှင့် ခပ်တန်းတန်းဆက်ဆံခဲ့ပြီး အမေရိကန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို တိုးမြှင့်ကာ အခြားအင်အားကြီး အနောက်နိုင်ငံများနှင့်လည်း လုံခြုံရေးထိတွေ့ ဆက်ဆံမှုများကို မြှင့်တင်ခဲ့သည်။
“ တရုတ်ရဲ့နိုင်ထက်စီးနင်း လုပ်ဆောင်မှုတွေ ပိုမိုမြင့်တက်လာလိမ့်မယ်လို့ ယူဆရပါတယ်”ဟု ဖိလစ်ပိုင်၏ အနောက်ပိုင်းစစ်ဌာနချုပ်အကြီးအကဲ အဲလ်ဘာတိုကားလို့စ်က ဒီဇင်ဘာ ၁၃ ရက်တွင် CNN Philippines ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။
“ရေအမြောက်တွေနဲ့ တိုက်ခိုက်ပြီးရင် နောက်တစ်ကြိမ်မှာ သူတို့ဟာ ကျွန်တော်တို့ သင်္ဘောတွေပေါ်ကို တက်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့က ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ကားလို့စ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများ တိုက်မိခဲ့မှုအပါအဝင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောက ရေအမြောက်ကို အသုံးပြုပြီး ဖိလစ်ပိုင်သင်္ဘောကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်က တရုတ်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက် ကြောင်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျောက်တန်းတစ်ခု၏အနီးတွင် ဒီဇင်ဘာ ၁၀ ရက်က ဖိလစ်ပိုင် သင်္ဘောတစ်စင်းနှင့် တရုတ်သင်္ဘောတစ်စင်း တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်အတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့က တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဝေဖန်ပြစ်တင်ခဲ့ကြသည်။
ဖိလစ်ပိုင်နှင့် တရုတ်အကြား ထိပ်တိုက်တွေ့မှုဖြစ်ပွားနေသည့် စပရက်တလေကျွန်းစု၏ Second Thomas သောင်ခုံအနီးတွင် တပ်စွဲထားသည့် ဖိလစ်ပိုင်စစ်သားများအတွက် ဖိလစ်ပိုင်က ရိက္ခာများပေးပို့ချိန်တွင် ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်၏ လူဇွန်ကျွန်းကမ်းလွန် စကာဘိုရော့ချ် သောင်ခုံအနီးရှိ ဖိလစ်ပိုင်ငါးဖမ်းသမားများအတွက် ရိက္ခာများပေးပို့သည့် ဖိလစ်ပိုင်အစိုးရသင်္ဘောသုံးစင်းကို တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောက ရေအမြောက်ဖြင့် နှောင့်ယှက်ခဲ့သည်ဟု ဖိလစ်ပိုင်က စွပ်စွဲခဲ့ပြီး နောက်တစ်ရက်အကြာတွင် သင်္ဘောချင်း တိုက်မိခဲ့ခြင်းဖြစ်သည်။
တရုတ်ကမူ ဖိလစ်ပိုင်၏အထူးစီးပွားရေးဇုန်အတွင်း မောင်းနှင်နေသည့် ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်၏ ရေပြင်များအတွင်း ကျူးကျော်ဝင်ရောက်မောင်းနှင်ခဲ့ကြောင်း ထပ်တလဲလဲစွပ်စွဲခဲ့သည်။
တရုတ်သည် နှစ်စဉ် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ထရီလျံရှိသည့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်း သည့်လမ်းကြောင်းများ တည်ရှိရာ တောင်တရုတ်ပင်လယ်၏ နယ်မြေအားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နှင့် နယ်မြေပိုင်ဆိုင်မှုများ အငြင်းပွားလျက်ရှိသည်။
ထို့ပြင် တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ သင်္ဘောများ အသွားအလာများပြားသည့် နေရာ များတွင် ကင်းလှည့်ရန် သင်္ဘောများဖြန့်ကြက်ချထားပြီး ကျွန်းတုများကိုလည်း တည်ဆောက်ခဲ့သည်။