Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 4 Views

တရုတ်က ကမကထလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘယ်လောက်အောင်မြင်မလဲ

December 18, 20234 Mins Read
Share
Facebook Twitter

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်ကစပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်။

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် “၁၀၂၇” စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်၌ပင် အပစ်အခတ်ရပ်စဲရန်နှင့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် တပ်မတော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းကြောင်း တရုတ်ဘက်က ဆိုလာသည်။

“တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခိုင်မာထိရောက်တဲ့ အစီအမံတွေချမှတ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့နဲ့ ပြဿနာမကြီးထွား‌လာစေဖို့ သက်ဆိုင်ရာအင်အားစုတွေကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး တစ်ပတ်အကြာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့် နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်လာသည်။

ထိုသို့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသတွင် ကိုးကန့်အဖွဲ့ (MNDAA) က လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုအခြေအနေများနှင့်ပတ်သက်ပြီး နစကဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးတို့ အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားနေသော တိုက်ပွဲများ အပစ်အခတ်ရပ်စဲရန် တရုတ်အစိုးရက နိုဝင်ဘာ ၂ ရက်က ထပ်မံတိုက်တွန်းခဲ့သည်။

တရုတ်နယ်စပ်ရှိ မြို့သုံးမြို့ကို လက်လွှတ်ခဲ့ရကြောင်း မြန်မာတပ်မတော်က ထုတ်ပြန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ချက်ချင်း အပစ်ရပ်ဖို့နဲ့ တိုက်ပွဲတွေရပ်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးကို တရုတ်က တိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့များသည် မတူကွဲပြားမှုများကို စေ့စပ်ညှိနှိုင်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းတို့ကို အသုံးပြု၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းကြရန် တရုတ်အစိုးရက တိုက်တွန်းကြောင်း ဝမ်ဝင်ပင်းက ပြောကြားသည်။

တရုတ်နိုင်ငံဘက် အပစ်အခတ်ရပ်စဲရန် တိုက်တွန်းမှုများရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသတို့တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲများက ဆက်လက်ပြင်းထန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် တပ်စခန်းများနှင့် မြို့အချို့ သိမ်းပိုက်ခံရပြီးနောက်ပိုင်း နိုဝင်ဘာ ၈ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်မှစ၍ လောက်ကိုင်ဒေသ ချင်းရွှေဟော်ကို အဓိကထားပြီး ကိုးကန့်အဖွဲ့ (MNDAA) က တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည်။

အဓိကအားဖြင့် မူဆယ်နှင့် ချင်းရွှေဟော်ဒေသသည် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကထားဆောင်ရွက်သည့် နေရာဒေသဖြစ်ကြောင်း၊ လောက်ကိုင်မြို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့ဖြစ်ပြီး MNDAA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဩဇာအာဏာကို ပြန်လည်တည်ဆောက်ရန်အတွက် ယခုကဲ့သို့တိုက်ခိုက်မှုများကို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

MNDAA က “ဝ” နယ်မြေအတွင်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အပြင် KIA ၊ PDF များလည်း ပါဝင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင်ဒေသတွင် အာဏာပြန်လည်တည်ဆောက်နိုင်ရေး၊ TNLA အဖွဲ့အနေဖြင့် ပလောင်ပြည်နယ်ရရှိရေး၊ ကိုးကန့်အနေဖြင့် ကိုးကန့်ပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်၍ လိုအပ်သည့်လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထိုစကားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားပြီး လေးရက်အကြာတွင် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်ရှစ်မြို့နယ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့သည်။

နစကအနေဖြင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် သိန္နီမြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ကြေညာသည်။

ထို့အတူ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ကြေညာလိုက်သဖြင့် ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပိုမိုကြီးမားလာဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့နယ် ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၅၅ မြို့နယ် ရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး နစကက မြို့နယ်ပေါင်း ၅၅ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့်အတွက် မြို့နယ်အားလုံး၏ ခြောက်ပုံတစ်ပုံ ရှိလာပြီဖြစ်သည်။

ထိုသို့တိုက်ပွဲများ ပြင်းထန်မှုကြောင့် တစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၁၆ မြို့နယ်ရှိ ခိုလှုံရာနေရာ ၁၇၈ နေရာတွင် နေရပ်စွန့်ခွာသူ ဦးရေ တစ်သိန်းကျော် ရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာနှောင်းပိုင်းမှစ၍ တိုက်ပွဲများနှင့် ဆက်စပ်ဖြစ်ရပ်များကြောင့် မြို့နယ်အများအပြား၌ အရပ်သား ၁၂၆ ဦး သေဆုံးပြီး ၂၀၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၀၀ ခန့် ပျက်စီးခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားမှုကြောင့် ဒေသခံ ၁၁၅၀၀၀ ခန့်သည် မိမိတို့ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၇ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၂၂ မြို့နယ်အနက် ၁၆ မြို့နယ်ရှိ ခိုလှုံရာနေရာ ၁၇၈ ခုတွင် နေရပ်စွန့်ခွာရသူ ဦးရေ ၁၀၅၀၀၀ ဆက်လက်ရှိနေပြီး ၁၀၀၀၀ မှာ မူလဒေသသို့ ပြန်သွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

လတ်တလော နေရပ်စွန့်ခွာသူများသည် အဓိကအားဖြင့် ဘာသာရေးနေရာများနှင့် အိမ်ရှင်ရပ်ရွာများ၌လည်းကောင်း၊ တောတောင်များအတွင်းရှိ ယာယီခိုလှုံရာနေရာများနှင့် တရုတ်-မြန်မာနယ်စပ်အနီးရှိ လယ်ကွင်းများတွင်လည်းကောင်း ခိုလှုံနေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေး တစ်လနီးပါးအကြာတွင် စစ်ရေးဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများနှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၂၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်း စသည့် မြို့ ငါးမြို့ကိုလည်း သိမ်းပိုက်ထားပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစံကျော်နယ်စပ်ဂိတ် လေးခုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း ကိုးကန့်အဖွဲ့ (MNDAA) က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့သောအခြေအနေတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒီဇင်ဘာ ၆ ရက်က မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသအခြေအနေ တည်ငြိမ်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် ပြည်တွင်းပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဖော်ဆောင်ပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက မည်သည့်အခါမျှ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင်လည်း ဒီဇင်ဘာ ၉ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ ကမကထပြုလုပ်ပြီး နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA၊ TNLA၊ AA အဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံရေးအရဖြေရှင်းရန် တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြောလာသည်။

မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခများနှင်ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပပြီး အပြုသဘောဆောင်သည့် ရလဒ်များ ရရှိသည်ကို တွေ့ရသည့်အတွက် ဝမ်းသာမိကြောင်းနှင့် ဆွေးနွေးပွဲများကို ပံ့ပိုးကူညီမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mao Ning က ဒီဇင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့အကြား ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေ ပြတ်သားစွာ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ၁၀၂၇ ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ၎င်းက လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) ကို အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ပြောကြားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့ကြားတွင် ပြီးခဲ့သည့် တွေ့ဆုံမှုအပေါ် မူတည်၍ ဒီဇင်ဘာလကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံရန် ရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီဆွေးနွေးမှုအပေါ်မှာ မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံ ဒိုင်လူကြီးလုပ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မည်မျှအထိ တာသွားမည်ကို နိုင်ငံရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်နေကြသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဇာဗီ၏အနာဂတ်အတွက် အာမခံချက်ရှိနေဆဲဖြစ်သော်လည်း ၎င်းနှင့်ပတ်သက်ပြီး အဝတ်လဲခန်းအတွင်း မတည်ငြိမ်မှုများရှိနေကြောင်း စပိန်မီဒီယာများဖော်ပြ
Next Article အွန်လိုင်းတွင် Sexy Chat ပြီး ခြိမ်း‌ခြောက်ငွေညှစ်သည့်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိပြီး တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်း
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.