၂၀၂၄ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်ကို စိန်ခေါ်ရန် ရီပတ်ဘလီကင်ပါတီကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းဟူသော အဆင့်အတန်း တစ်ရပ်သေချာသွားစေသည့် ကိုယ်စားလှယ်လောင်းရွေးချယ်ပွဲကို ဇန်နဝါရီ ၁၅ ရက်က အိုင်အိုဝါပြည်နယ်၌ ပထမဆုံးကျင်းပခဲ့ရာ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် အေးအေးဆေးဆေးအနိုင်ရသွားခဲ့သည်ဟု သိရသည်။
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်သည် လူထုသဘောထားစစ်တမ်းများတွင် ထိပ်ဆုံးက တစ်နှစ်ကျော်ဦးဆောင်ခဲ့သူဖြစ်သည်ဆိုသော်လည်း ထရန့်သည် အိမ်ဖြူ တော်ကို တစ်ကျော့ပြန်လာနိုင်ရေးအတွက် သူ၏အားသာချက်ကို ပြောင်းလဲပစ်နိုင်ခြင်းရှိမရှိဆိုသည်ကို အရှင်းလင်းဆုံး ထိုးထွင်းသိ မြင်မှုအဖြစ်ယခုကိုယ်စားလှယ်လောင်းရွေးပွဲကို ရှုမြင်ထားကြသည်။
အမေရိကန်သတင်းဌာနကြီးများက ယခုပွဲတွင် အနိုင်ရမည့်သူမှာထရန့်ဖြစ်သည်ဟု နာရီဝက်သာသာတွင် ခန့်မှန်းခဲ့ကြသည်။ ထရန့်သည် ဒုတိယနေရာကလိုက်နေသော ရွန်ဒီဆန်းတစ်ကို ၃၂ မှတ်ဖြင့် ပြတ်ပြတ်သား သားဦးဆောင်ခဲ့ပြီးနောက် ထရန့်အနိုင်ရမည် ဟု သတင်းဌာနကြီးများက ခန့်မှန်းလိုက်ခြင်းဖြစ်သည်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်နှင့် ထရန့်၏အခြား အဓိကပြိုင်ဘက်ဖြစ်သော အမေရိကန်သံအမတ်ဟောင်း နစ်ကီဟာလေတို့သည် ၂၀ နှင့် ၁၉ ရာခိုင်နှုန်းစီဖြင့် ဒုတိယနေရာအတွက် အကြိတ်အနယ် ပြိုင်နေကြရပုံပေါ်သည်။
ထရန့်သည် ၂၀၂၄ ခုနှစ်ထဲတွင် တရားမမှုများနှင့်ရာဇဝတ်မှုများကို တရားစီရင်ပိုင်ခွင့်ရှိသည့် နေရာအများအပြားတွင် ရင်ဆိုင်နေရသောကြောင့် အဆိုပါ ဥပဒေရေးရာပြဿနာများက ထရန့်ကို အဟန့်အတားဖြစ်စေနိုင်ခြင်းရှိမရှိဆိုသည်နှင့်ပတ်သက်၍မေးခွန်းများပေါ်ပေါက်လျက်ရှိသည်။
သို့ရာတွင် အိုင်အိုဝါအောင်ပွဲကြောင့် ထရန့်သည် ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်မည့် နယူးဟမ့်ရှိုင်းယား ကိုယ်စားလှယ်လောင်းရွေးပွဲတွင် အောင်မြင်မှုရနိုင်သည်ကို ဖော်ပြလျက်ရှိသည်။
ဒက်မွိုက်တွင်ပြုလုပ်သည့် ထရန့်၏ရွေးကောက်ပွဲ ပါတီကို မသွားမီမဲပေးခဲ့သော အသက် ၆၂ နှစ်အရွယ် နှလုံးအထူးကုဆရာဝန် အလန်လက်ချ်ချမ်ကမဲရလဒ် မြန်မြန်ထုတ်ပြန်ပေးခဲ့သည်ကို အံ့အားသင့်သည်ဟု ဝန်ခံခဲ့သော်လည်း အောင်ပွဲရသည့်ညကို ထုတ်ဖော်ချီးကျူးခဲ့သည်။
ထရန့်ကို အိမ်ဖြူတော်သို့ ပြန်ရောက်စေချင်သည်ဟု လက်ချ်ချမ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံရေးလောကတွင် အဓိက ပြဿနာတစ်ရပ်ဖြစ်နေသည့် မက္ကဆီကိုမှ ဖြတ်သန်းလာသော ရွေ့ပြောင်းများရှိရာနယ်စပ်ဒေသ ထိန်းချုပ်ရေးကို ရီပတ်ဘလီကင်တို့ကကူညီနိုင်သည် ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ဆောင်းမုန်တိုင်းတွင်ဖြစ်ပေါ်သော သုညမှတ်အောက်အပူချိန်များကို အံတုလျက် အိုင်အိုဝါ ပြည်နယ်သူပြည်နယ်သားများမဲရုံ ၁,၆၀၀ ကို လာရောက်မဲပေးခဲ့ကြသည်။ ဆောင်းမုန်တိုင်းကြောင့် ကိုယ်စားလှယ်လောင်းများသည် ကျင်းပရန် စီစဉ်ထားသော ပွဲများကို နောက်ဆုံးမိနစ်ရောက်မှ ဖျက်သိမ်း ခဲ့ကြရသည်။ လာရောက်မဲပေးသူ ၁၃၀,၀၀၀ ရှိသည်ဟု သိရသည်။