HSBC BWF World Tour Super ပြိုင်ပွဲဖြစ်သော အင်ဒိုနီးရှားမာစတာ ကြက်တောင်ပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် စတင်ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် နောက်ဆုံးအဆင့်မှ ယှဉ်ပြိုင်ခွင့်မရဘဲ လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် လက်ရည်စစ်ပွဲတွင် တရုတ်တိုင်ပေကြက်တောင်မယ် ယောင်ယုဆန်နှင့် တွေ့ဆုံခဲ့ပြီး (၂-၁) ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၇ မှတ်ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲငယ်နှင့် တတိယပွဲငယ်တွင် ဆက်တိုက်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဒုတိယပွဲငယ်တွင် ၂၁-၁၃ မှတ်၊ တတိယပွဲငယ်တွင် ၂၁-၁၇ မှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် BWF ပြိုင်ပွဲသုံးခု ယှဉ်ပြိုင်ရာ ရလဒ်မကောင်းသေးဘဲ မလေးရှားအိုးပင်းကြက်တောင်ပြိုင်ပွဲတွင် ပထမအဆင့်၊ အိန္ဒိယအိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ပထမအဆင့်၊ ယခု အင်ဒိုနီးရှားမာစတာ ကြက်တောင်ပြိုင် ပွဲတွင် လက်ရည်စစ်ပွဲအဆင့်တို့မှ ထွက်ခဲ့ရခြင်းဖြစ်သည်။
သက်ထားသူဇာသည် ယခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ကျင်းပမည့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသောကြောင့် BWF က ကျင်းပသည့်ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ်ယှဉ်ပြိုင်လျက်ရှိပြီး ရမှတ်ပိုမိုရရှိစေရန် အဆင့်သတ်မှတ်ချက်မြင့်မားသည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။